ရွှေတိဂုံစေတီတော်အကြောင်းဆိုပေမဲ့ ကျွန်တော် ရွှေတိဂုံ ဆိုတဲ့အမည်နာမဘယ်ကနေစတင်ပေါက်ဖွားလာသလဲဆိုတဲ့ မေးခွန်းကိုဘဲ အထူးပြုဖော်ပြသွားပါရစေ ။ ဒီမေးခွန်းဖြေဖို့ ကျွန်တော်တို့သမိုင်းကြောင်းကို ပြန်ဆန်းစစ်ကြည့်ရမှာပါ ။ သမိုင်းဟာ လူမျိုးတစ်မျိုး၊ နိုင်ငံတစ်နိုင်ငံ၊ အဖွဲ့အစည်းတစ်ခုခု၊ လူတစ်ဦးတစ်ယောက်ရဲ့ အတိတ်က ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာတွေကို အမြဲထာဝရ သက်သေခံနေတဲ့ မှတ်ကျောက်တစ်ခုပါ။ သမိုင်းနဲ့ဘဲ ပြီးခဲ့တဲ့ ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာကို ဆုံးဖြတ်အတည်ပြုကြတာမဟုတ်လား။ ဒါကြောင့် ရွှေတိဂုံဆိုတဲ့ စကားလုံးဘယ်ကနေ ပေါက်ဖွားလာသလဲဆိုတာကိုသိဖို့ ပထမဦးဆုံး အဲဒီစေတီကို ဘယ်သူစတင်တည်ထားကိုးကွယ်သလဲဆိုတာကို ကျွန်တော်တို့သိရပါမယ်။ အားလုံးသိကြတဲ့အတိုင်းပါဘဲဗျာ။ ရွှေတိဂုံစေတီတော်ကို ရာမညတိုင်းရှင် ဥက္ကလာပမင်းကြီး ဦးဆောင်ပြီး တဖုတ္တ နဲ့ ဘလိက္က ညီနောင်နှစ်ပါးတို့နဲ့အတူ ရာမညတိုင်းသားတို့ကတည်ထားကိုးကွယ်ခဲ့ကြပါတယ်။ ဒီနေရာမှာ ကျွန်တော်တို့တော်တော်များများ (အများအားဖြင့် နောက်ပိုင်းလူငယ်တွေပေါ့) က ဥက္ကလာပမင်းကြီး ၊တဖုတ္တ နဲ့ ဘလ္လိက တို့ဟာ ဗမာလူမျိုးလို့ သိကြပါတယ်။ ရွှေတိဂုံစေတီတော် သမိုင်းကြောင်း ကို ရေးထားတဲ့ စာအုပ်တွေမှအစ ဘုရားရဲ့ သမိုင်းကြောင်းကို စပ်ဆိုထားတဲ့ သီချင်းတွေကအလယ် ဓမ္မပူဇာတေးကအဆုံး တည်ထားကိုးကွယ်သူတွေရဲ့ လူမျိုးကို တိတိကျကျရေးထားတာကို ကျွန်တော်ဖတ်ဖူးမှတ်ဖူးသလောက် မတွေ့ဖူးပါဘူး။ မြန်မာပြည် ရာမညတိုင်းမှ တဖုတ္တ နဲ့ ဘလ္လိက ညီနောင် ရယ် ဥက္ကလာပ မင်းကြီးရယ် တည်ထားကိုးကွယ်တဲ့ခုနှစ်ရယ် ဆိုတာကို ဘဲတွေ့ရှိရပါတယ်။ အဲဒါကြောင့် ကျွန်တော်တို့ကလဲ မြန်မာပြည်သားဆိုတော့ တည်ထားကိုးကွယ်တဲ့ လူမျိုးကိုလည်း ဗမာလူမျိုးလို့ ယူဆကြမှာဘဲ။ ဒါဟာလည်းဖြစ်နိုင်ပါတယ်။ တကယ်တမ်းကျတော့ ရာမညတိုင်းဟာ မွန်တို့ဌာနေပါ။ မွန်တို့ဌာနေကဆိုတော့ ဥက္ကလာပမင်းကြီး ၊တဖုတ္တ နဲ့ ဘလ္လိက တို့ဟာ မွန်လူမျိုးဖြစ်တယ် ဆိုတာ ထင်ရှားပါတယ်။ ဒါဟာလည်း ငြင်းပယ်လို့မရအောင် ဗုဒ္ဓ၀င်၊ ရာဇ၀င် ဆိုတဲ့ သမိုင်းကြောင်းက သက်သေခံနေပါတယ်။ အမှန်မှာ သူတို့အကြောင်းကို ရာမညဒေသအကြောင်းဆောင်းပါးမှာ ကျွန်တော်ရေးခဲ့ပြီးပါပြီ။ ရွှေတိဂုံရဲ့ အမည်နာမကို ဆန်းစစ်ဖို့အတွက် တည်ထားကိုးကွယ်ခဲ့တဲ့လူမျိုးကိုသိဖို့ လိုအပ်လို့ပါ။ ကဲ ကျွန်တော်တို့စဉ်းစားကြည့်ရအောင်ဗျာ။ လူမျိုးတစ်မျိုးက သူတို့တည်တဲ့ဘုရားရဲ့ အမည်နာမကို တစ်ခြားလူမျိုတွေရဲ့ ဘာသာစကားနဲ့ နာမည်ပေးတာ ထုံးစံမရှိပါဘူး။ ဒီလိုပါဘဲ ရာမညတိုင်းသား မွန်လူမျိုးတို့ တည်ထားတဲ့ ဘုရားဟာ မွန်အမည်နာမဘဲ ဖြစ်ရမှာပေါ့။ ဒါဖြင့် မွန်လူမျိုးတွေခေါ်ဝေါ်ခဲ့ကြတဲ့ ရွှေတိဂုံဘုရားရဲ့ မူရင်းအမည်နာက ဘာလဲဆိုတာကို ဆက်လက်လေ့လာကြရအောင်။ ကျွန်တော်တို့လူသားတွေဟာ အမည်နာမတစ်ခုကို ခေါ်ဝေါ်သုံးစွဲတော့မည်ဆိုလျင် အများအားဖြင့် လူပုဂ္ဂိုလ်၊ အရပ်ဒေသ၊အရေအတွက် နောက်ကြောင်းရာဇ၀င် စသည်တို့ကို အစွဲပြုပြီး ခေါ်ဝေါ်တတ်ကြပါတယ်။ အဲဒီလိုပါဘဲ ရွှေတိဂုံစေတီတော်ဟာ အရပ်ဒေသကို အစွဲပြုပြီး ခေါ်ဝေါ်ခဲ့ကြတဲ့ ဘုရားတစ်ဆူဖြစ်ခဲ့ပါတယ်။ အရင်တုန်းက ယခုကျွန်တော်တို့သိနေတဲ့ ရန်ကုန်တိုင်းကို မွန်လူမျိုးတို့က ဒဂုံတိုင်းဟု သမုတ်ခဲ့ကြပါတယ်။ ဒဂုံတိုင်းမှာ တည်ထားသော ဘုရားဖြစ်တဲ့အတွက်ကြောင့် ဒဂုံတိုင်းကဘုရားလို့ ခေါ်ဝေါ်ပြောဆိုခဲ့ကြတယ်။

မွန်ဘာသာဖြင့် ကျာ်လဂုင် ဟုရေးသားပြီး ကျိုက်လဂုံ ဟုအသံထွက်ဆိုခဲ့ကြပါတယ်။ တတိယမြန်မာနိုင်ငံကို တည်ထောင်ခဲ့တဲ့ အလောင်းမင်းတရားကြီးလက်ထက်မှာ မွန်တို့ကို တိုက်ခိုက်အောင်မြင်ပြီးနောက်မှာ ဒဂုံ ကို ရန်ကုန် ဆိုပြီး အမည်နာမ ပြောင်းခဲ့ပါတယ်။ ဒါကိုလည်း အားလုံးသိပြီးသားပါ။ ရန်ကုန်ဒေသမှာရှိတဲ့ ကျိုက်လဂုံကိုလည်း အခြားသောတိုင်းရင်းသားတို့က ကျိုက်ဒဂုံ ဟု ခေါ်ဆိုကြပါတယ်။ နောက်ပိုင်းမှာ ကျိုက်လဂုံ(သို့) ကျိုက်ဒဂုံ ဟာ မြန်မာပြည်ရဲ့ မူပိုင်သင်္ကေတ အဖြစ်ကျော်ကြားလာခဲ့ပါတယ်။ မွန်လူမျိုးတို့ အတွက် ဂုဏ်ယူစရာ ပေါ့လေ။ ဒါပေမဲ့ ဖြစ်ချင်တော့ နောက်ပိုင်းမှာ မွန်လူမျိုးတို့ရဲ့ မူပိုင်ကျိုက်ဆိုတဲ့စကားလုံးနေရာမှာ ရွှေနိုင်ငံ(Golden land) ကို ကိုယ်စားပြုတဲ့ ရွှေ ဆိုသော စကားလုံးဖြင့် အစားထိုးခဲ့ကြပါတယ်။ ထို့အတူ လဂုံ လိုလို ဒဂုံ လိုလို ဖြစ်နေသောစကားလုံးကို လည်း တိဂုံ ဖြင့် အတည်ပြုပေးလိုက်ကြပါတယ်။ အဲဒီအချိန်ကစပြီးတော့ ကျိုက်လဂုံ ဟာ မြန်မာပြည်တွင်းမှာ သာမက ကမ္ဘာ့  တ၀ှမ်းမှာ ရွှေတိဂုံ ဟူသော အမည်နာမဖြင့် ခေါ်ဝေါ်ပြောဆိုလာကြပါတယ်။

***ကျွန်တော်တို့ မွန်လူမျိုးတွေကတော့ ယခုအချိန်အထိတော့ ရွှေတိဂုံ စေတီတော်ကို ကျိုက်လဂုံ ဟုခေါ်ဆိုနေကြပါတယ်။ ရန်ကုန်မြို့ကိုလည်း လဂုံမြို့ (တုံးလဂုံ) ဟု ခေါ်တွင်နေကြဆဲပါ။ မွန်လူမျိုးတွေနေထိုင်တဲ့ ဒေသကို ကြုံကြိုက်ရင် မေးမြန်းကြည့်ကြပါဗျာ။ ကောင်မလေးတွေကိုဘဲ မေးကြပါနော်။ တမျိုးမထင်ကြပါနဲ့။ သူတို့က ယောကျာ်းလေးတွေထက်ပိုပြီးစိတ်ရှည်လို့ပါ(အဟီး)။

လေးစားစွာဖြင့်
Saitnon

0 comments

Post a Comment

သင်ဘယ်ကလဲ?