နောက်ခံသမိုင်း

မွန်လူမျိုးတို့သည် ဂေါတမမြတ်စွာဘုရားမပွင့်မီ နှစ်ပေါင်း ၅၀၀ ကျော်၊ ခရစ်တော်မပေါ်မီနှစ်ပေါင်း ၁၀၀၀ ကျော်၊ (ဘီစီ- ၁၀၀၀) လောက်ကပင် မြန်မာနိုင်ငံအောက်ပိုင်း၊ ယိုးဒယားနိုင်ငံတောင်ပိုင်းဒေသများတွင် စနစ်တကျအခြေချနေထိုင်ပြီး မြို့ပြနိုင်ငံများထူထောင် ခဲ့ကြသည်။ မွန်လူမျိုးတို့သည် ဘီစီ- ၁၀၀၀ လောက်တွင် ကေလာသနယ်ဝန်းကျင်တွင် သုဓမ္မ၀တီမြို့ကို တည်ထောင်ခဲ့ကြသည်။ မြန်မာနိုင်ငံအောက်ပိုင်း ရန်ကုန်နှင့်ပဲခူးဒေသတို့တွင် မြို့ရွာတည်ထောင်ပြီးနေထိုင်ကြစဉ် ယိုးဒယားနိုင်ငံတောင်ပိုင်းတွင် လပ်ပူရီကို မြို့တော်အဖြစ်ထားကာ ဒွါရ၀တီပြည်ကိုတည်ထောင်ခဲ့ကြသည်။ အရှေ့တောင်အာရှတွင် ယဉ်ကျေးမှုမြင့်မားစွာဖြင့် နေထိုင်ခဲ့သည့် လူမျိုးဖြစ်သည်။

ဦးငါးဦး

သာသနာဝင်ကျမ်းများအဆိုအရ ဂေါတမမြတ်စွာဘုရားပွင့်တော်မူပြီး (၄၉) ရက်မြောက် လင်းလွန်းပင်ရင်၌စံနေတော်မူစဉ် မြန်မာနိုင်ငံဥက္ကလာပတိုင်းသား မွန်လူမျိုး တဖုဿနှင့် ဘလ္လိက ကုန်သည်ညီနောင်နှစ်ဦးတို့သည် မြတ်စွာဘုရားကို ဖူးမျှော်ခဲ့ရပြီး သာသနာတော်တွင် ဘုရားကို ဦးစွာဖူးမျှော်ခွင့်ရသူများ၊ သရဏဂုံနှစ်ပါးတွင် ဦးစွာတည်သူများ၊ မြတ်စွာဘုရား ကိုယ်စားတော် သံဃာတော်များကို ဦးဆုံးကိုးကွယ်ခွင့်ရသူများ၊ မြတ်စွာဘုရား၏ဆံတော်များ ဌာပနာပြီး ကမ္ဘာပေါ်တွင် ပထမဦးဆုံးစေတီဖြစ်သော ရွှေတိဂုံစေတီတော်ကို တည်ထားကိုးကွယ်ခွင့်ရခဲ့သူများဖြစ်သည်။

သာသနာအစသထုံက

ဂေါတမမြတ်စွာဘုရား ဘုရားဖြစ်ပြီး (၈) ၀ါမြောက်တွင် ဂ၀မ္ပတိမဟာထေရ်ကို အကြောင်းပြု၍ သထုံ၊ ဟံသာဝတီ စသော မွန်တို့၏ဒေသ များသို့ ဒေသစာရီကြွချီရောက်ရှိတော်မူသည်။ မြတ်စွာဘုရားပရိနိဗ္ဗာန်ပြုပြီး သာသနာသက္ကရာဇ် ၂၅၃ ခုနှစ်၊ သီရိဓမ္မာသောကမင်းကြီး လက်ထက် ကိုတိုင်းကိုးဌာနသို့ ရဟန်းတော်များ စေလွှတ်သာသနာပြုစေရာတွင် သောဏထေရ်နှင့်ဥတ္တရထေရ်နှစ်ပါး သထုံဒေသသို့ သာသနာပြုရန်ရောက်ရှိတော်မူပြန်သည်။ သာသနာသက္ကရာဇ် ၉၀၀ ကျော်တွင် မွန်အရှင်ဗုဒ္ဓဃောသမထေရ်သည် သီဟိုကျွန်း (သီရိအလင်္ကာ)သို့ ကြွကာပိဋကတ်တော်များကို မာဂဓဘာသာဖြင့် ပေရွက်ပေါ်တွင်ကူးယူပြီး သထုံသို့ ယူဆောင်လာခဲ့၍ မွန်တို့ဒေသတွင် ဗုဒ္ဓသာသနာတော် ထွန်းကားစည်ပင်လာခဲ့သည်။ အနော်ရထာမင်းလက်ထက် ပိဋကတ်တော်များကို သထုံမှပုဂံသို့ဆောင်ကြဉ်းခဲ့ပြီး ထေရ၀ါဒဗုဒ္ဓဘာသာသည် မြန်မာနိုင်ငံအနှံ့ ပြန်နှံ့သွားခဲ့သည်။ ထို့ကြောင့် “သာသနာအစသထုံက´´ဟု ဆိုစမှတ်ပြုကြကြောင်း တွေ့ရှိရပါသည်။

မွန်စာပေ

မွန်စာပေသည် အေဒီ(၅)ရာစုခန့်လောက်တွင် ပေါ်ပေါက်နေပြီဖြစ်ကြောင်း စတင်တွေ့ရပါသည်။ အိန္ဒိယတောင်ပိုင်း ပလ္လ၀လူမျိုးတို့၏ ပလ္လ၀အက္ခရာကို အခြေခံ၍မွန်စာကို တီထွင်ခဲ့ကြသည်။ သထုံခေတ်တွင် မွန်စာပေကောင်းစွာ ထွန်းကားနေပြီဖြစ်ကြောင်း သုဝဏ္ဏဘူမ္မိ ၀န်းကျင်တွင် တွေ့ရှိရသော မွန်ကျောက်စာများက ဖော်ပြနေသည်။ ယိုးဒယားနိုင်ငံတောင်ပိုင်း ပရပထုံကျောက်စာသည် ခရာဇ်နှစ် (၅)ရာစုခန့်တွင် မွန်တို့ မွန်စာကို ကောင်းစွာရေးတတ် ဖတ်တတ်နေပြီဖြစ်ကြောင်း ပြဆိုနေသည်။

မွန်စာပေသမိုင်းကို ဆန်းစစ်မည်ဆိုလျှင် ကျောက်စာ၊ မင်စာ၊ အုတ်ခွက်စာ၊ ခေါင်းလောင်းစာ၊ စဥ့်ကွင်းစာ၊ အင်္ဂတေစာ၊ ပုရပိုဒ်စာ၊ ပေစာ၊ ပုံနှိပ်စာ စသည်ဖြင့်ပုံစံအမျိုးမျိုးတွေ့ရှိနိုင်သည်။ ပိဋကတ်တော်ဆိုင်ရာကျမ်း၊ ရာဇာဝင်ကျမ်း၊ ဆေးကျမ်း၊ ဓါတ်ကျမ်း၊ ဗေဒင်ကျမ်း၊ ပျို့ကဗျာလင်္ကာကျမ်း၊ ပုံဝတ္ထုများ၊ စကားပြေအရေးအသားများ စသည်ဖြင့် စုံလင်လှသည်။

မွန်အနုပညာယဉ်ကျေးမှု

မွန်တို့သည် ပန်းပဲ၊ ပန်းထိမ်၊ ပန်းတဉ်း၊ ပန်းတော့၊ ပန်းရန်၊ ပန်းပု၊ ပန်းတမော့၊ ပန်းပွတ်၊ ပန်းချီ၊ ပန်းယွန်း စသည့် ပန်း(၁၀)မျိုး အတတ်နှင့်အဆောက်အဦးများတည်ဆောက်ခြင်း၊ အင်္ဂတေရုပ်လုံးများထွင်းထုခြင်းစသည့် လက်မှုပညာများကိုသထုံခေတ်တွင်ကောင်းစွာ တတ်မြောက်နေပြီဖြစ်သည်။ သထုံဝန်းကျင်တွင် ဂ၀ံကျောက်ဆစ် လက်ရာများကျန်ရစ်နေသည်ကို ယခုတိုင်တွေ့မြင်နိုင်ကြပါသည်။

မှတ်ချက်။ ။ ဤအထက်ပါ အကြောင်းအရာများကို ဆရာ ရာမညမိုးစွေ ရေးသားသော မွန်ဂီတနိဒါန်း စာအုပ်မှ တစ်ထပ်တည်း ကူးယူကောက်နုတ်ပါသည်။


ဒီပိုစ့်ကို ကိုမော်စီဘလော့ မှကူးယူဖော်ပြသည်။